![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeE91aqbiZt92B0_oFBqQ2WEGGDhTeQ_OJq-i0ScqO1fjgIl8irrF55Yg4Rw60uJmMsIUqHRxCAFO2Fkh9FV5Wa0qIQHHd7H7BTfCyIneE-Mm3PkpfnTPNCsxyJPTXey6RapyjpofhQvDX/s320/13-Carat+Diamond+006.jpg)
Monday, October 13, 2008
Thursday, October 9, 2008
Wednesday, October 8, 2008
Right and Wrong -Sermon
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioWUGmMYHbqteUQ0uLuTDc_qBAJe66A7kNI9wmg7nGwYqNraY6tOqGPlSjfOTGEkLEJ8Y0WEtOcN8eo0NEIu2fV2gN1l1NJmBc3UM5PzAu4mtuFlBJN8d86UevVBIHPk1ByZuT4ays_TMw/s320/R+and+W.jpg)
အမှားနဲ့အမှန် (၁) သစ္စာရှုကွက်
- တရားနဲ့နေဖို့ခက်ပါတယ်၊ ကြိုးစားရတယ်၊ မတရားနဲ့နေဖို့ကတော့ လွယ်ပါတယ်၊ ရေစုံမျောသလို ခြေပစ်လက် ပစ်သာနေလိုက်၊ စိတ်လျှော့လက်လျှော့သာနေလိုက်၊ မျောချင်ရာမျောသွားမှာဘဲ၊ အမှန်မြင်ဖို့က ခက်တယ်၊ စက္ကန့်တိုင်း စက္ကန့်တိုင်း အားစိုက်နေရမယ်၊ အရူးသိ အကန်းသိကတော့ လွယ်ပါတယ်။ ငါတွေ၊ သူတွေ၊ ယောက်ျား၊ မိန်းမအသိတွေက လွယ်တယ်၊ နေချင်သလိုသာနေလိုက်၊ ရေဆန်ကူးရတာခက်တယ်၊ စူးစူးစိုက်စိုက် သာကြည့်၊ မြင်တာအားလုံး အနတ္တသာရှု၊ မရှိဘူး သိလိုက်၊ ဘာမှလက်မခံနဲ့၊ လက်ခံရင် ရှိမှာဘဲ၊ ကြည့်ပါများ တော့ ကြည့်တတ်သွားမယ်၊ ဥာဏ်နဲ့ တရားနဲ့နေတတ်သွားမယ်။
- ဘုရားသာသနာမရှိရင်တော့ အမှားသိတွေဘဲ လက်ခံရတော့မှာဘဲ၊ ငါကောင်၊ သူကောင်တွေဘဲ၊ ဒါတွေဘဲ ကြား ရလိမ့်မယ်၊ ဘုရားသာသနာရှိတဲ့အချိန်မို့လို့ ပုဂ္ဂိုလ်၊ သတ္တ၀ါမဟုတ်၊ တစ်ခု-တစ်ယောက်-တစ်ချိန်-တစ်နေရာရာ မဟုတ်လို့ ရှားရှားပါးပါး ကြားရတာပါ။
- ခန္ဓာမရှိတာသိအောင်ရှုမှတ်ပေးဘို့ အဓိကပါ။ ယောက်ျား-မိန်းမ ဆိုတဲ့ လှောင်အိမ်တွေ ဖြစ်ခွင့်မပေးဘို့ပါ။ ဒါသိ သွားပြီးရင် အနိစ္စ-ဒုက္ခ-အနတ္တ ကလွဲလို့ ဘာမှမရှိပါလားဆိုတာ သိသွားမယ်၊ ဖြစ်ပျက်ကလွဲရင် ဘာမှမရှိပါလား၊ ဖောက်ပြန်ပျက်စီးနေပါလား၊ ဒီ အသိဥာဏ်ရမယ်၊ ဘာမှမရှိတာသိမှ ဘာမှမစွဲတော့၊ ဘာအတွက်မှ ပူစရာမရှိ တော့ဘူး၊ တရားသမားဘ၀ကို စွဲနေရင်တောင်မှ အနှောက်အယှက်ကရှိနေပါမယ်။ တရားမှတ်ခွင့်မရရင် စိတ်ဆိုး (ဒေါကန်)နေပါဦးမယ်။ အဓိက က ဘာမှအားကိုးစရာမရှိ တရားကို အားကိုးခိုင်းတာပါ။ တရားကိုစွဲနေစေချင်တာ မဟုတ်ပါဘူး။ ရှုမှတ်ရင်း ရှုမှတ်ရင်း နောက်ဆုံးကျတော့ သြော် အနတ္တပါလား၊ ကိုယ့်သဘောမပါ ပါလား၊ မပြတ် ဒလစပ်ဖောက်ပြန်ပျက်စီးနေပါလား၊ ဒီလိုပိုင်ပိုင်နိုင်နိုင် သိသွားစေချင်လို့ နောက်ဆုံး ဒီဥာဏ်ကိုရသွားရင် ဒီဥာဏ်နဲ့သာနေဖို့ ခန္ဓာမရှိ ပျောက်တာမြင်လေလေ တရားကိုနားလည်စဖြစ်လာပြီ၊ ဒီလိုနားလည်လေ ချမ်းသာ လေဘဲ၊ သူမရှိ-ငါမရှိ-ယောက်ျား မိန်းမ မရှိ၊ ကြီးတာငယ်တာမရှိ၊ ဘုန်းကြီး သီလရှင်မရှိ၊ ပရမတ္တသစ္စာနယ်မှာ ဘုရားဆိုတာလည်း မရှိဘူး၊ အားလုံးဖြစ်ပြီးပျက်တဲ့၊ ဒုက္ခသစ္စာချည်းပဲ။
- ကိုယ့်စိတ်မှာ ဒါတွေရှိတယ်ထင်လို့ ဆရာဝန်၊ အင်ဂျင်နီယာ၊ ရုပ်ရှင်မင်းသား သူဌေးကြီး၊ ဗိုလ်ချုပ်ကြီးတွေ ဖြစ်ချင်နေတာပေါ့၊ ကိုယ့်ခန္ဓာမှာ ဖြစ်ပြီးပျက်နေတာတွေ့ရင် လွတ်မြောက်ပါပြီ၊ မဖြစ်လျှင် ချမ်းသာပြီ၊ ဖြစ်ချင် တယ်ဆိုတာ သစ္စာမသိလို့ပါ၊ တဏှာကထွက်လာတဲ့ အသံပါ။
- ဘာမှမဖြစ်ရင် မဆင်းရဲဘူးလားဆိုတော့ ဘာမှမဖြစ်တာကဘဲ ချမ်းသာနေပြီ၊ ဘာမှမဖြစ်မှဘဲ ကိုယ့်ရဲ့စိတ်က နိဗ္ဗာန်ကို အာရုံပြုနေနိုင်တာ၊ ခိုင်မြဲတဲ့ မဖြစ်မပျက်တဲ့ အာရုံပြုနိုင်တာ၊ ဖြစ်နေရင် နိဗ္ဗာန်ကို အာရုံမပြုနိုင်ပါဘူး၊ သင်္ခါရတရားအပေါ် စိတ်ကုန်သွားမှ ဟိုကဖြစ်ချင် ဒီကဖြစ်ချင်ဆိုရင် သင်္ခါရတရားတွေဘဲ ဖြစ်မှာဘဲ။
- ဖြစ်ချင်နေသရွေ့ သေနေဦးမှာပေါ့၊ ဖြစ်တယ်ဆိုတဲ့နောက် ဖြစ်တဲ့ဘ၀အတွက် ပူရတော့မှပေါ့၊ ဘ၀အတွက်ဖြစ် ချင်ရင် သမုဒယနဲ့ လုပ်ရတော့၊ ဖြစ်ပျက်က မဆုံးတော့ဘူးပေါ့၊ ဘုန်းကြီးဝတ်တယ်ဆိုလဲ ဘုန်းကြီးဘ၀ ဒုက္ခ သစ္စာ ခံရဦးမှာဘဲ၊ မဖြစ်ချင်ဘဲလုပ်မှ ပရမတ်နဲ့လုပ်မှ ပညတ်မပါတော့မှာပါ။
- တရားများများအားကိုးလေ ပညတ်တွေပျောက်ပြီး ပရမတ်ဘဲ တွေ့နေမှာဘဲ၊ ဥာဏ်နုတဲ့အချိန်မှာသာ ပြင်းထန် တဲ့ ဝေဒနာတွေ တွေ့တယ်။ ဥာဏ်နဲ့သွားရင် ဘာမှမတွေ့တော့ဘူး။ ခန္ဓာထဲမှာ ပျောက်နေတာဘဲ၊ ဘာဆိုဘာမှ မရှိဘူး၊ ဘုရားဟောတာ မှန်ပါလား၊ သူ့သဘောနဲ့သူ ဖောက်ပြန်ပျက်စီးနေပါလား။
- ရုပ်ဆိုတာလဲ အပြောသာရုပ်ပါ၊ ပူလိုက် အေးလိုက်၊ လှုပ်လိုက်၊ ပျက်လိုက် သူ့သဘောနဲ့သူ ဖောက်ပြန်ပျက်စီး နေပါလား၊ တရားအားထုတ်ပြီးတော့ ဘာမှလဲ မဖြစ်ချင်ဘူး၊ နတ်ဘ၀-ဗြဟ္မာဘ၀-ဘုန်းကြီးဘ၀ ဘယ်ဘ၀မှမဖြစ်
(၂)
- မဖြစ်ချင်တာ၊ ဘာကြောင့်လဲဆိုဖြစ်ပြီး ပျက်ပျက်နေလို့ပါဘဲ၊ အပြောသာ ဘ၀ပါ၊ ဘယ်ဘ၀မှ မြဲတယ်ဆိုတာ
မရှိဘူး၊ ဖြစ်ပြီး ပျက်တာဘဲ၊ သင်္ကန်းဝတ်လို့ သုခဖြစ်စရာအကြောင်းမရှိ၊ ဒီအသိနဲ့ ဆင်ခြင်နိုင်မှ ချမ်းသာမယ်၊
- ပုရွက်ဆိတ်တွေ၊ ခြင်တွေ၊ ယင်တွေ၊ ခွေးတွေ၊ ကြောင်တွေ၊ လူတွေ ဘုန်းကြီးတွေ အားလုံးဟာ တစ်တန်းထဲ ဒုက္ခသစ္စာပါလား၊ လောကကြီးမှာ အရာရာဟာ ဒုက္ခသစ္စာဆိုတာ သိမယ်ဆိုရင် အလွန်ချမ်းသာမှာဘဲ အဲဒီအချိန် မှာ ခြင်လဲမသတ်၊ ပုရွတ်ဆိတ်လဲ မသတ်၊ ယင်လဲ မသတ်၊ အားလုံးကို ညီတူညီမျှ အားလုံးဟာ ဒုက္ခသည်တွေ ချည့်ဘဲ၊ နဂိုက ဆရာတပည့်- အကိုညီ-ချမ်းသာဆင်းရဲ-စသဖြင့် ခွဲခြားဆက်ဆံခဲ့တာ၊ ခုကြတော့ တစ်တန်းထဲပဲ။ အရက်သမား-ဘိန်းစား-ဆင်းရဲသား မခွဲခြားတော့ဘူး၊ အားလုံးအတူတူဘဲ၊ မသိခင်တုန်းကတော့ သူဌေးပါလား- ဆရာပါလားနဲ့ ခွဲခြားပြီး အသိမှားခဲ့တယ်။
- အားလုံးက ဒုက္ခသစ္စာချည်းဘဲ၊ တရားသမားဘ၀ဟာလဲ ဒုက္ခသစ္စာဘဲ၊ တစ်တန်းထဲ ဒုက္ခသစ္စာဆိုတာသိရင်၊ ကိုယ်သေရင်လဲ ပူစရာမလို၊ သူများသေရင်လည်း ပူစရာမလိုဘူး၊ အပြန်အလှန်ပဲ၊ သူများအထင်ကြီးလို့လဲ ၀မ်းသာစရာမရှိ၊ အထင်သေးလို့လဲ ၀မ်းနဲစရာမရှိဘူး။
- ငါထင် သူထင် ယောက်ျား မိန်းမ ထင်နေတဲ့ ကိုယ့်အထင်မှားတွေနဲ့ ကိုယ်ထောင် ကိုယ်ဆောက်ပြီးတော့မှ ကိုယ်က ဒီထောင်ထဲဝင်ပြီးတော့မှ ထောင်သားဘ၀နဲ့ ယောက်ျား မိန်းမဆိုတာ ဘယ်သူကမှလာပြီး ထင်ခိုင်းလို့ မရဘူး၊ ကိုယ့်ဟာကိုယ်ထင်နေတာ၊ ယောက်ျားမိန်းမဆိုတဲ့ ထောင်ထဲမှာ သားသမီးဆိုတဲ့ ထောင်ထဲမှာ ပစ္စည်း ဥစ္စာ အသိုင်းအ၀ိုင်းဆိုတဲ့ ထောင်ထဲမှာ သတ်မှတ်ချက်ကို ထောင်လို့ပြောပါတယ်။ သတ်မှတ်ချက်တွေထဲမှာ သတ်မှတ်ချက် မိန်းမက ဘယ်လိုနေရမယ်၊ ယောက်ျားက ဘယ်လိုနေရမယ်၊ ကျောင်းသား/သားသမီးက ဘယ်လိုနေရမယ် ဆိုတဲ့ ကိုယ့်သတ်မှတ်ချက်နဲ့ကိုယ်၊ သူတို့လေးတွေ အဆင်ပြေစေဘို့ တာဝန်ရှိတယ်ဆိုပြီး အိမ်ထောင်ပြုပေးလိုက်၊ သားသမီးတွေမွေးခိုင်းလိုက်နဲ့ သူတို့လေးတွေနိဗ္ဗာန်ရောက်အောင် လုပ်ပေးမယ်ဆိုတာ မပါဘူး။ သစ္စာမသိတော့ လောကီအရေးဘဲ ရှေ့တန်းတင် အထူးပံ့ပိုးကူညီမှုကို စိတ်ထဲထည့်ကြတယ်၊ ဒီခန္ဓာကြီး ငါထင်နေလို့ ဒီသား ဒီသမီး ငါ့သားသမီးထင်နေတာ၊ ဒီအထင်မှားက ကိုယ်ကို ဒုက္ခပေးနေတာ ဘုရားကပြော တာက ငါဆိုတဲ့ သက္ကရဒိဋ္ဌိကို ဖြုတ်လိုက်၊ သားတွေ သမီးတွေကို ချစ်ပါတယ်ဆိုရင် ငါဆိုတဲ့အစွဲကို ဖြုတ်ခိုင်း လိုက်၊ ၀ိပဿနာ အားထုတ်ခိုင်း၊ ကိုယ်ကိုယ်တိုင်လဲ ငါဆိုတဲ့ အစွဲကိုဖြုတ်ပါ။
- သူများရတဲ့ နိဗ္ဗာန်က ကိုယ့်ရဲ့ အပါယ်လေးပါး တံခါးမပိတ်နိုင်ပါဘူး၊ ကိုယ့်ဥာဏ် ကိုယ်မြင်မှ ဒီအသိဥာဏ်ရရင် ချမ်းသာမယ်။
- ဒုက္ခသစ္စာဆိုတာကလည်း ဘယ်အချိန်မဆို ဒုက္ခပေးတာဘဲ၊ စက္ကန့်တိုင်း စက္ကန့်တိုင်း ဒုက္ခပေးတာဘဲ၊ ဘုရား ဖော်ထုတ်ခဲ့တဲ့ ဒုက္ခနဲ့ သမုဒယကလည်း အလွန်ကောက်ကျစ်တာပါ၊ ဒုက္ခကလည်း အင်မတန်ဆင်းရဲတာပါ။ မဂ္ဂနဲ့ နိရောဓ ကလည်း အလွန်ကောင်းတဲ့လမ်း၊ အင်မတန် အပြစ်ကင်းစင်ပြီး ကောင်းတဲ့လမ်း၊ ဘာအားနဲချက်မှ ရှာလို့မရတဲ့လမ်း၊ ဘယ်အချိန်မဆို မှန်ကန်တဲ့ ဒုက္ခသစ္စာပါ၊ ဒီလောက်ကောင်းတဲ့ တရားရှိပါသေးလား?
အမှားနဲ့အမှန် (၂) သစ္စာရှုကွက်
- လောကမှာ ဘုရားသာသနာရှိတဲ့အချိန်မှာ ပုဂ္ဂိုလ်သုံးမျိုးရှိပါတယ်၊ သာသနာမရှိတဲ့အချိန်မှာ ပုဂ္ဂိုလ်တစ်မျိုးထဲရှိ ပါတယ်။
- ပထမတန်းစားက သာသနာရှိတဲ့အချိန်မှာရော သာသနာမရှိတဲ့ အချိန်မှာပါ ရှိကြပါတယ်။ အမှန်တရား ကိုမသိ ပညတ်ကို တကယ်ရှိတယ်ထင်ပြီး ငါယောက်ျား ငါမိန်းမ ငါလူပျို ငါအပျို ဆရာဝန် အင်ဂျင်နီယာစသဖြင့် အမှန်တရား မသိတဲ့အတွက် မရှိတဲ့ပညတ်တွေကို အစွဲနဲ့စွဲနေတာ၊ သစ္စာတရား အမှန်တရား နာယူရကောင်း မှန်းမသိကြဘူး၊ ပရမတ်ဆိုတာ ကြားတောင်မကြားဘူးကြဘူး၊ အရူးအကန်းတွေလောက်ဘဲ၊ အ၀ိဇ္ဇာကြောင့် သစ္စာတရားက မဆွဲဆောင်နိုင်ဘူး။
- လူဖြစ်ဘို့ ခဲယဉ်းတယ်ဆိုပေမဲ့ ဘုရားသာသနာသစ္စာတရား နာကြားရဘို့ သာလို့တောင်ခဲယဉ်းသေးတယ်။ ဒီတရားကို အကြင်သူသဘောကျ နှစ်ချိုက်ပီတိဖြစ်နေတယ်ဆိုရင် ဒါဟာ ပါရမီပါ၊ ကြွက်တစ်ကောင် ခွေးတစ် ကောင်က နိဗ္ဗာန်ကို သဘောကျနှစ်ချိုက်ဖို့ရာ မဖြစ်နိုင်ပါဘူး၊ ဗုဒ္ဓသာသနာအစစ်က အလွန်နက်ရှိုင်းပြီး အဓိပ္ပါယ် မဲ့ဆိုတာ လုံးဝမရှိဘူး၊ လိုက်နာကျင့်သုံးဖို့ကလည်း တဏှာ-ကိလေသာကို ဖြတ်ပြီးတော့မှ ရောက်နိုင်မှာဆိုတာ အများအားဖြင့် ပြီးမြောက်အောင် မလုပ်ချင်ကြဘူး။ ဒါကြောင့်မို့ တစ်ခြားဘာသာဝင်တွေ ဦးရေများနေတာပါ။ လူ တွေက တဏှာကိလေသာကို အသက်မက ဘာနဲ့မဆို မလဲချင်တဲ့သဘောရှိနေတယ်။
- မြန်မာပြည်ဗုဒ္ဓဘာသာဝင်များကိုဘဲကြည့်လျှင်တောင်မှ တကယ့်ဘုရားဟောအတိုင်း ဘုရားဖြစ်စေချင်တဲ့ အနတ္တ စိတ်နဲ့နေဖို့ ပညတ်တွေစွန့်လွှတ်ဘို့ တကယ်ကျင့်ကြံနေတဲ့ ပုဂ္ဂိုလ်အနဲငယ်လောက်ဘဲရှိပါတယ်။ အများစုက တော့ ဒါန-သီလ-သမထလောက်ဘဲကျင်လည်ပြီး လွတ်မြောက်ရာနိဗ္ဗာန်တရားများကို မသိဟန်ဆောင်နေကြ တယ် (သို့) အလွန်နားလည်ရခက်-ရှင်းပြရခက်တဲ့ ပညတ်သဘောတွေကြောင့် လိုရင်းမရောက်နိုင်ဘဲ ယောဂီ ဘ၀- တရားသမားဘ၀နဲ့ လမ်းဆုံးနေကြတာလဲ ဖြစ်နိုင်တယ်။
- လူတွေဟာအတင်းချမ်းသာနောက်လိုက်နေကြတာ စွဲလမ်းနေကြတာ သူဌေး-ဆရာဝန်-ရုပ်ရှင်မင်းသားမင်းသမီး၊ ပုဂ္ဂိုလ်ကြီးများကို အထင်ကြိးအားကျနေတယ်။ သူတို့ဘ၀ ပြီးပြည့်စုံတယ်လို့ထင်ပြီး ကိုးကွယ်ကြ ဖြစ်ချင်နေကြ တာ သူတို့အားလုံးလည်း ဒီဒုက္ခသစ္စာက မလွတ်ပါဘူး၊ ဓာတ်ကြီး(၄)ပါးနဲ့ ဖွဲ့စည်းထားတဲ့အတွက် ပူတာအေးတာ လှုပ်တာငြိမ်တာ ဓာတ်သဘောတရားကတော့ ပရမတ်သဘော အားလုံးအတူတူပဲဖြစ်တယ်။ ပညတ်သဘော အရ ငါ - သူ - ယောက်ျား - မိန်းမ - သူဌေး - ဆင်းရဲသား - ဘုန်းကြီး - ကွဲပြားနေတာ။
- လောကမှ ပစ္စည်းဥစ္စာ သူပိုင်တယ်၊ ငါ ပိုင်တယ် အထင်နဲ့ သာယာနေတတ်၊ ကြွားလုံးထုတ်တတ်တယ်၊ အမှန်က တော့ ငါလည်းမပိုင်ဘူး၊ သူလည်းမပိုင်ဘူး၊ ကိုယ်ပိုင်တယ်ဆိုတဲ့ တိုက်ကြီးတွေ ကားကြီးတွေဟာ ကိုယ်သေတဲ့ အခါမှာ စွန့်ခဲ့ရတယ်။ အဲဒီမှာကျန်တဲ့ မိန်းမ - သားသမီး - တူ တူမများ - အခြားသူများက ဆက်ခံပိုင်ဆိုင်ပြီး ငါပိုင်ဆိုပြီး ကြွားလုံးထုတ်ဦးမှာဘဲ သံသရာလည်နေတာပါ။ သူကတော့ ပုဂ္ဂိုလ်ကြီး ထင်ပေါ်ကျော်ကြားသူ သူဌေးကြီး စသဖြင့် အတင်းအမျိုးတော်ချင်ကြ ပတ်သက်ချင်ကြ၊ သိကျွမ်းခင်မင်ချင်ကြတယ်။ ဒါ ဆို ငါ့ကို လူတွေမစော်ကားရဲတော့ဘူး၊ အလေးထားလာလိမ့်မယ်၊ အထင်ကြီးကြလိမ့်မယ်၊ ငါသူဌေး ငါဆွေကြီးမျိုးကြီး စသဖြင့် မရှိတဲ့ ချမ်းသာအတုကို ဇွတ်အတင်းဖုံးရ ဖိရ ဟန်ဆောင်ရနဲ့ ဒုက္ခသစ္စာမှန်းမသိကြတာများပါတယ်။ ဒီ လူတန်းစားက (ပ)လူတန်းစား၊ ဘယ်တော့မှ မျိုးမသုဉ်းတဲ့ လူတန်းစား၊ သာသနာပမှာလည်း ရှိတယ်။
- ဒုတိယ လူတန်းစားက သာသနာတွင်းမှာ ရှိပါတယ်။ သမုဒယကြောင့် မြင်နေရတဲ့ ဒုက္ခသစ္စာပါ၊ မြင်ချင်တဲ့ သမု ဒယကြောင့် ဖြစ်လိုက်ပျက်လိုက်၊ လှုပ်လိုက်ပျောက်လိုက်နဲ့ မြင်နေတာ တကယ်မရှိတဲ့ ပရမတ်ပါ။ အဲဒီကနေ အနုတရ ကိလေသာ မြင်ချင်စိတ် သမုဒယကြောင့် အားစိုက်မှ တကယ်ရှိတဲ့ ပရမတ် စိတ်စေတသိက်၊ ရုပ်ဆိုတာ တဆင့်ပြောင်းပြီး ဘုရားကရှုခိုင်းတာ သမုဒယကုန်ရင်တော့ စိတ်စေတသိက် ရုပ်ဆိုတဲ့ ပရမတ်လည်း ပျောက်ပြီ [နိဗ္ဗာန်] ၀ိပဿနာရှုတယ်ဆိုတာ ကိလေသာ အကြမ်းစားတွေ ဖြစ်ခွင့်မပေးတာ၊ ဒုက္ခသစ္စာကို သဘောပေါက် လက်ခံနားလည်ပြီဆိုရင် ရောဂါကြီးဖြစ်ခြင်းမှ တားဆီးဘို့ ကာကွယ်ဆေးထိုးပြီးတဲ့ သဘောပါဘဲ၊ သမုဒယက ကျန်နေသေးတယ်၊ အနုတရ ကိလေသာ (အနုစားကိလေသာ) သတ်ဖို့အတွက် အကြမ်းစားကိလေသာကို အရင်သတ်ရပါတယ်။ ဒီထက်ကောင်းတဲ့အစားအစာတွေ့မှ အရင်အစားအစာ ဘာမှမဟုတ်မှန်းသိတယ်၊ ဒီလိုဘဲတရားရဲ့ အရသာတွေ့ပြီးတဲ့နောက် ကိလေသာ တဏှာနဲ့ပတ်သက်တဲ့ အလုပ်တွေအားလုံးဟာ ဒုက္ခ သစ္စာပါလားဆို တာသိသွားမယ်။
- နံပါတ်(၂)လူတန်းစားက တော်တော်လေးချမ်းသာပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ ဖြစ်ချင်တဲ့ သမုဒယကြောင့် ဖြစ် နေတဲ့ အနုတရ (အနုစား ဒုက္ခသစ္စာပါဘဲ ဖြစ်လိုက် ပျက်လိုက် စိတ်စေတသိက်-ရုပ်ပါဘဲ)
- တတိယလူတန်းစားကတော့ ပရမတ်ကို မမြင်ချင်တော့တဲ့အတွက် (သူ့အလိုလို ပေါ်တဲ့စိတ်ကိုပြောတာ) သင်္ခါရ ဒုက္ခဆိုတဲ့ စိတ်စေတသိက် ရုပ် - ပရမတ်နဲ့ အိုးစားကွဲပြီး မလိုချင်မှ ရတဲ့ တကယ့်နိဗ္ဗာန်ဆိုတဲ့ ပရမတ်ကိုသွားပြီး တော့ အာရုံပြုနေတဲ့ လူတန်းစား၊ (ဘုရား-ပစ္စေက္ခဗုဒ္ဓါ-ရဟန္တာ)၊ ဒီလူတန်းစားက အနုတရကိလေသာနဲ့ ဒုတိယ တန်းစားဘ၀ကနေပြီးတော့မှ ခန္ဓာထဲမှာ ဖောက်ပြန်ပျက်စီးနေတာတွေကို မမြင်မြင်အောင် ကြည့်တဲ့အခါ အနုတရ ကိလေသာဘဲ ဖြစ်ခွင့်ရပြီးတော့ နောက်ဆုံးကြတော့ ဒီလိုကြည့်ရင်း ကြည့်ရင်းနဲ့ သူ့ရဲ့အမှန်တရားကို အနိစ္စဆိုတဲ့ မမြဲတာမှ မျက်စိတစ်မှိတ်မှာ မရေမတွက်နိုင်အောင် မမြဲတဲ့တရား ဆင်းရဲဒုက္ခဆိုလဲ မျက်စိတစ်မှိတ် ထဲမှာ မရေမတွက်နိုင်အောင် ဘယ်နှစ်ကြိမ် ကိုယ်သေပွဲဝင်နေသလဲဆိုတဲ့ ဆင်းရဲဒုက္ခတရား၊ ဒီအနတ္တတရားက ဘွားကနဲဖြစ် ဘွားကနဲပျက် ကိုယ့်အလို ကိုယ့်အကြိုက် ဘာမှမလုပ်ပေးနိုင်တဲ့ အနတ္တတရား၊ မျက်စိမှိတ်လဲ အနတ္တ၊ ဖွင့်လည်း အနတ္တဘဲ၊ ဒီစိတ်စေတသိက် - ရုပ် - သမုဒယကြောင့် ဖြစ်ရတဲ့ဒုက္ခပါလား၊ ဒါကြောင့် ငါ့ရုပ်ဘဲ ငါ့စိတ်ဘဲ ငါ့ဝေဒနာဘဲဆိုပြီး ငြိနေတာ၊ ဒီလိုအထင်မှားကြီးတွေနဲ့ ကြည့်နေလို့ ၀င်ချင်တဲတဏှာဝင်တာ၊ ပရမတ် အပေါ်မှာ စိတ်စေတသိက် - ရုပ် - အပေါ်မှာ သံယောဇဉ်မကုန်ရင် - တွယ်တာမှုမချုပ်ရင် ဘယ်တော့မှ ဒုက္ခက မဆုံးပါဘူး။ မဂ္ဂင် ၅ ပါးကို သံယောဇဉ်မကုန်ရင် ဖြစ်ပျက်ကလည်း ဆုံးမှာမဟုတ်ဘူး၊ သံယောဇဉ်ပြတ်တဲ့အခါကြ တော့မှ သြော် ဒါလေးက မြင်ချင်လို့ မြင်နေတာပါလား၊ ကိုယ်နဲ့မဆိုင်တာကို ဆိုင်တယ်ထင်လို့ မြင်နေတာပါလား အမှန်တော့ ငါနဲ့ဘာမှမဆိုင်ပါလား၊ သူ့သဘော သူဆောင်နေပါလား၊ အဲဒီလိုမျိုး ပိုင်ပိုင်နိုင်နိုင်သိမှ လုံးဝ သံယောဇဉ်ပြတ်သွားပြီး သမုဒယကြောင့် ဖြစ်တဲ့စိတ်စေတသိက် ရုပ် ဆိုတဲ့ ဒုက္ခသစ္စာကို မမြင်ချင်တော့ပါဘူး၊ သံယောဇဉ်ကလည်း ကုန်ရော မြင်စရာ အကြောင်းမရှိတော့ပါဘူး။
- နိဗ္ဗာန် ဓမ္မကပြတဲ့ အနတ္တကို ရာခိုင်နှုန်းပြည့်သိပြီဆိုရင် နောက်ဆုံး ပရမတ် တစ်ခုတည်းသော ပရမတ်ဆိုတဲ့ နိဗ္ဗာန်ကို အာရုံပြုနိုင်မယ်၊ တကယ်ရှိတဲ့အမှန်တရားကတော့ ပုဂ္ဂိုလ်၊ သတ္တ၀ါ၊ ငါ၊ သူတပါး . . .ယောက်ျားမိန်းမ ဘုရားတွေ ရဟန္တာတွေ စိတ်စေတသိက် ရုပ်တွေမဟုတ်ဘဲ နိဗ္ဗာန်ဆိုတဲ့ မဖြစ်မပျက်တဲ့တရား အဲဒါကိုသိနေတဲ့ မဂ္ဂသစ္စာဆိုတဲ့တရား ကိုယ်ပိုင်ရဘို့ဘဲ၊ ဒါရရင် လွတ်မြောက်ပြီ၊ နိဗ္ဗာန်လမ်းမှာ ဒီအာရုံရမှ ချမ်းသာမှာပါ။ တစ်စက္ကန့်ရရင် တစ်စက္ကန့်ချမ်းသာမယ်။
Friday, October 3, 2008
Not To Grasp Some Thing -Sermon
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEEfuGP4mH2WQ812zrgQfIaSImdSKYMy9y5CctiuPsvY2Abs8se7FwBF-dSLZeNyZBIJyEAl_C9KI4SdA1koWt9o7jsF0g3CbMUhjsBkkMnNQPb0plyTKuFVHnb0Oez9R9okJp8QujoUCY/s320/Not+to+Grasp...jpg)
စိတ်က တစ်ခုခုကိုလက်ခံပြီးတော့ ဘာစိတ်ညာစိတ်ဆိုပြီးတော့မှ သဘောတစ်ခုခုကို မဆောင်မိစေဘို့ တရား အားထုတ်ရပါတယ်။ သဘာဝစိတ်ဖြစ်ဘို့ သဘာဝစိတ်ဆိုတာက သူ့ဟာနဲ့သူ ဖြစ်ချုပ်၂နေပါတယ်။ သူ့ သဘောနဲ့သူ ဖောက်ပြန်ပျက်စီးနေပါတယ်။ သဘာဝတရားကြီးက သူ့ဟာနဲ့သူ ပြီးပြည့်စုံပြီးသားပါ။ ကိုယ့်ရဲ့စိတ် ကသာ အလိုမကင်းတာ၊ ငါဘဲသူဘဲ အစွဲတွေမကင်းတာ၊ အယူမကင်းတာ၊ အိမ်ဘဲ ကျောင်းဘဲ ယောက်ျားဘဲ မိန်းမဘဲ အမျိုးမျိုး ဆုတ်ကိုင်နေကြပါတယ်။ ဆုတ်ကိုင်တယ်ဆိုတာ အလိုမပြည့်တဲ့သဘောပါ၊ ဒီဆုပ်ကိုင်တတ် တဲ့အကျင့်ကြောင့် လူတွေဒုက္ခရောက်နေကြတာပါ။ ကိုယ့်ကိုယ်ကို ပျိုတယ်ထင်နေလို့ရှိရင် အိုမှာ ကြောက်နေရ ပါမယ်။ အသက်ရှင်နေတယ်ထင်နေလို့ရှိရင် သေမှာကြောက်ရပါမယ်။ အပူမကင်းတဲ့စိတ်ဟာ ဒေါသစိတ် မတရားစိတ်ဖြစ်တယ်။ အပူကင်းတဲ့စိတ်က အဒေါသ တရားတဲ့စိတ်ဖြစ်တယ်။
- လူဆိုတာ သတ်မှတ်ချက် တိရစ္ဆာန်ဆိုတာလဲ သတ်မှတ်ချက်ဘဲ၊ စိတ်က အပါယ် ၄ ပါးကို လက်ခံနေတယ် ဆိုရင် ရောက်နေရင် အပါယ်ရောက်မှာပေါ့။ စိတ်က မန္တလေးရောက်နေရင် မန္တလေးရောက်မှာပေါ့။ ကျိုတ္ထီးရိုးကို လက်ခံနေရင် ကျိုတ္ထီးရိုးကို ရောက်နေမှာပေါ့ စိတ်ထဲမှာရှိနေရင် ရှိနေတဲ့နေရာရောက်တာဘဲ၊ စိတ်က သူအ ဆက်အသွယ်ရှိရာကိုဘဲ စိတ်ထဲမှာဖြစ်လို့ရတယ်။ ခြေဦးတဲ့ရာလျှောက်သွားမယ်ဆို ကိုယ့်အိမ်ဘဲရောက် သွားမယ်။ စိတ်ထဲမှာရှိတဲ့ နေရာဘဲ သွားလို့ရမယ်။ ခြေဦးတဲ့ရာလျှောက်သွားရင် နိဗ္ဗာန်ရောက်သွားတယ်ဆိုတာ မရှိပါဘူး။ စိတ်ထဲမှာရှိတာ တွေဘဲ ဖြစ်နေကြတာ စိတ်ထဲမှာ လက်ခံထားတာတွေ စွန့်လွှတ်ရင် အပါယ် ၄ ပါးဆိုတဲ့အစွဲကို ဖြုတ်လိုက်ရင် ကျစရာမရှိ၊ အစွဲဆိုတာ(၃၁)ဘုံကို လက်ခံတာ၊ စိတ်ဆိုတာ သိစိတ် ကောမသိ စိတ်ကော အပေါ်ယံပိုင်းကော အတွင်းပိုင်းကော ပစ္စုပ္ပန်-အနာဂတ် ကာလ ၃ ပါးမှာ သိခဲ့တဲ့အစွဲတွေ ကော ကိုယ့်ရဲ့စိတ်အစဉ်မှာ လိုက်ပါနေတဲ့ အစွဲတွေဖျက်ပစ်မှ သစ္စာ ၄ ပါး အမှန်တရားကိုသိပါမယ်။
- ပရမတ်တရားဆိုတာ ကိုယ်သိထားတဲ့ တစ်ခုတစ်ယောက် တစ်နေရာ တချိန်ချိန် မဟုတ်ပါဘူး၊ သူ့ဟာနဲ့သူ ဖြစ်လိုက် ပျက်လိုက် ဖြစ်ရုံလေးဘဲ နိဗ္ဗာန်သွားတဲ့ မဖြစ်မပျက်တဲ့ နိဗ္ဗာန်လဲမဟုတ်၊ ဖြစ်တယ်ဆိုရုံလေး ဖြစ်ပါ တယ်။ ဖြစ်ကာ မတ္တနဲ့ ဖြစ်နေပါတယ်။ အင်မတန်လျင်မြန်စွာနဲ့ ဖောက်ပြန်ပျက်စီးနေပါတယ်။ ဖောက်ပြန်ပျက်စီး မှု သက်သက်မျှသာဖြစ်ပါတယ်။ ဘာဖောက်ပြန်မှု ဘာတွေညာတွေ ဘာဖြစ်ဘာပျက်ဆိုတဲ့ အဆင့်မရှိပါဘူး၊ ဒါဟာ ပရမတ်ကို တိတိကျကျမှန်မှန်ကန်ကန် အဓိပ္ပါယ်ဖော်တာပါ။
- ကိုယ့်မှာ ဖြစ်နေတဲ့စိတ်သည်ပင်လျှင် ဖြစ်ရုံလေးသက်သက်ပါဘဲ၊ တယောက်ယောက် တခုခု မဟုတ်ပါ။ ဖြစ်ရုံ လေးပါ။ ငါသိ သူသိဆိုတဲ့ အဖြစ်မှားအသိမှားတွေကို စွန့်ပါ။ ဖြစ်နေတာတွေကို ငါဘဲဆိုပြီး အထင်မှားနဲ့ မခံစားမိပါနဲ့၊ ကိုယ့်စိတ်က ကိုယ့်ကိုကိုယ်ဒုက္ခသစ္စာဘဲလို့ ယုံကြည်လက်ခံထားဖို့ပါဘဲ။
- ပြုလုပ်မှု သင်္ခါရနောက် ကောက်ကောက်လိုက်မှုအကျင့်ကိုစွန့်ပါ။ ရောဂါဘဲထင်ပြီး ဟိုကုဒီကုနေသလိုမျိုး စား စရာဘဲထင်ပြီး ဟိုစားဒီစားသလိုမျိုး ပူစရာဘဲထင်ပြီး ဟိုပူဒီပူရသလိုမျိုး ဖြစ်တာတွေကို လက်ခံနေရာက စိတ်ဆို တာရှိတယ်။ စိတ်သရုပ်ဆောင်နေကြတယ်။ ဒီစိတ်တွေဖြစ်ခွင့်မပေးနဲ့၊ စိတ်ဖြစ်တာဖြစ်နေမယ်၊ ကြားတာကြား နေမယ်၊ သိတာသိနေမယ်၊ အဲဒါတွေကို အရှိလုပ်ပြီး အဖြစ်နောက်လိုက်မနေနဲ့၊ အဖြစ်နောက်လိုက်ပြီးတော့မှ ဖြစ်ပြီးရင်းဖြစ်ချင်၊ အသိနောက်လိုက်ပြီး သိပြီးရင် သိချင်မလုပ်နဲ့၊ သတင်းစာဖတ်သလိုဖတ်ပြီးသိပြီးရင်းသိချင် မဆုံးတော့ဘူး၊ ဖတ်လေသိလေ ဘယ်တော့မှမဆုံးဘူး၊ ငါသိတယ် ငါဖြစ်တယ်၊ ငါပြုလုပ်တယ် ငါပူတယ်ထင်နေ ရင် သိလို့ ဖြစ်လို့ ပူလို့ မဆုံးနိုင်ဘူး၊ လုပ်ပြီးရင်းလုပ်ချင်နေမှာဘဲ၊ တရားထိုင်တာလဲ ငါထိုင်တယ် ထင်နေရင် တော့ ထိုင်ပြီးရင်းထိုင်ချင်နေမှာဘဲ၊ အသိဥာဏ်ကတော့ ရမှာမဟုတ်ဘူး ငါဆိုတဲ့အထင်မှားကြီးကိုစွန့်မှ မောဟ ကိုစွန့်မှ အ မောဟဆိုတဲ့ အသိဥာဏ်ရမယ်၊ အ၀ိဇ္ဇာစွန့်မှ ၀ိဇ္ဇာဖြစ်မယ်၊ ဖြစ်ရုံလေးဆိုတဲ့ အမှန်တရားကို ယုံကြည်ပြီး ကိုယ်စိတ်အကျင့်စရိုက်စွန့်ပါ။ အမှန်တရားဆိုတာ ဘာမှဖြစ်နေတာမဟုတ်တာ၊ ဘာမှသိစရာမရှိတာ အမှန် တရားဖြစ်ရုံလေးဘဲ။ စိတ်ရှိတယ်လို့ယူတာ စိတ်ဘဲ အဲဒါ အတ္တစိတ်၊
- စိတ်ကတော့ ရှိတော့ရှိတယ်၊ သူ့ဟာနဲ့သူ ဖြစ်ချုပ်ချုပ်နဲ့ဘဲ နေတာ အဲဒါအနတ္တစိတ်၊ သစ္စာဆိုက်တာ ဖြစ်ရုံလေး စိတ် စေတသိက် ရုပ် ခန္ဓာငါးပါး၊ ရုပ်/နာမ် ၂ ပါးပါ။
- မပြတ်ဒလစပ်ဖောက်ပြန်ပျက်စီးနေတာ အမှန်တရား၊ ဒွါရ ၆ ပေါက်က အာရုံအားလုံးဟာ အမှန်တရားမဟုတ် ဘူး၊ ဖြစ်ရုံလေးဖြစ်နေတာ၊ ဘာမှဖြစ်နေတာမဟုတ်တာ အမှန်တရား၊ ဘယ်သူမှဖြစ်နေတာမဟုတ်တာ အမှန် တရား ကိုယ့်သားကိုယ့်သမီးဆိုတာ ငါ့အိမ် ငါ့မယား ငါ့သူငယ်ချင်း ဘယ်လိုဘဲ သပ်မှတ်သတ်မှတ် အဲဒါတွေက ကိုယ်တကယ်ပိုင်တာမဟုတ်ဘဲ ကိုယ့်စိတ်ထဲမှာဘဲရှိတာ ကိုယ့်စိတ်က ကြံဖန်ထားခြင်းသာဖြစ်တယ်။ ရုပ်ရှင်ထဲ ကလို မင်းသားအယောင်ဆောင်ချင်တဲ့စိတ်နဲ့ မင်းသမီးအယောင်ဆောင်ချင်တဲ့စိတ် ကင်မရာရှေ့မှာ တွေ့ကြ တာ၊ အမှန်မသိသူခြင်းတွေ့ကြတာဘဲ၊ ပညတ်ခြင်းတွေ့ကြ သူဌေးအယောင်ဆောင်နဲ့ ဆင်းရဲသားအယောင် ဆောင် ဒုက္ခအစစ်မသိလို့ ကိုယ်သိတာ အားကိုးရှာလိုက်တာ။ ၃၁ ဘုံဆိုတာ ကိုယ်ထင်ရာတရားလုပ်နေတာ အားကိုးရာမဲ့နယ်မြေ ထင်ရာလုပ် မျှော်လင့်နေရတဲ့ ဘုံဘ၀ဘဲ တရားအားထုတ်တော့လဲ ဘာဖြစ်မယ် ညာဖြစ်မယ်နဲ့ ဘာမှမဖြစ်လာတော့လည်း စိတ်ကူးသာ ယဉ်မျှော်လင့်နေရတာဘဲ အမှန်တရား အစစ်ကိုမသိဘူး၊ ဖြစ်ရုံလေးဖြစ်နေတာ အင်မတန်ရှင်းနေတာဘဲ၊ ဒီအမှန် တရားကို ယုံကြည်ပြီး မပြတ်ဒလစပ်ယုံကြည်တာ မဂ္ဂင်လမ်းလျှောက်တာဘဲ၊
- တရားကိုယုံတယ်ဆိုတာ အရာရာစွန့်လွှတ်ပြီး ယုံရတယ်၊ သံသယရှိရမဲ့ တရားမဟုတ်ဘူး လေးသင်္ချေ ကမ္ဘာတစ် သိန်း စွန့်လွှတ်ပြီး ရှာဖွေထားတဲ့တရား၊
- ဘုရား တရား သံဃာ မယုံဘူးလား ဆိုတော့ ယုံတယ်၊ ဒါကိုဘဲယုံလား ဆိုတော့ဒါလဲ ယုံတယ်။ တခြားဟာတွေလဲ ယုံတယ်။ ဘုရားလဲယုံတယ်၊ ပိုက်ဆံလဲယုံတယ်၊ ရာထူးအာဏာလဲယုံတယ်၊ လင်တွေမယား တွေလဲယုံတယ်၊ သားတွေသမီးတွေလဲ ယုံတယ်ဆိုတော့ တရားကို တကယ်အားကိုး ယုံကြည်ကြ တာမဟုတ် သေးဘူး၊ အပေါ်ယံ ယုံတာ၊ စွန့်လွှတ်ပြီးယုံရမှာ ဖောက်ပြန် ပျက်စီးမှု သက်သက်လေးကိုဘဲ ယုံရမှာ ယုံတယ် ဆိုရုံလေး၊
- ဘုရားရဲ့စိတ်က သဘာဝစိတ်၊ စိတ်ရဲ့စွမ်းရည်သတ္တိနဲ့ဆိုတော့ ဘာမဆိုဖြစ်အောင်လုပ်လို့ရတယ်၊ ဂျွမ်းဘား ကစားတာ ခန္ဓာကိုယ်ရဲ့စွမ်းရည် သာမာန်လူမလုပ်နိုင်တာ လုပ်နိုင်တယ်၊ ပြီးပြည့်စုံတဲ့စိတ်ဆိုတာ ဘာမဆိုဖြစ် အောင်လုပ်လို့ရတယ်။
- Computer ပျက်တယ်ဆိုတာ အထည်ကြီးကတော့ မပျက်ပါဘူး။ အထဲ Software တွေအလုပ်မလုပ်တာပေါ့၊ အဲဒီတော့ window တစ်ခုလုံး ဖျက်ချပြီး ဒီထက်အဆင့်မြင့်တဲ့ version အသစ်တစ်ခုကို အစားထိုးသုံးလိုက် သလို မိမိရဲ့စိတ် ညံ့ အပျက်အစီးများကိုလည်း ပြုပြင်ဖာထေးမလုပ်နဲ့တော့ အနတ္တ Software အစားထိုး လိုက်တော့။
- ကိုယ်တွေးချင်ရာတွေးနေတယ်ဆိုတာ ကိုယ့်ရဲ့အတွေးစိတ်လေးကို မစွန့်ရဲတာဘဲ၊ ကိုယ်နားလည်တဲ့စိတ်လက် နက်တွေအစား ဘာကိုမှ အားမကိုးတဲ့စိတ် အစားထိုးပေးပါ။
- လိုပြီဆိုကတည်းက မရမှာပူရပြီ အလိုမကင်းရှင်းရင် အပူလဲမကင်းတော့ ဘာမှမလိုတဲ့ သဘာဝစိတ်ကို အစား ထိုးပါ။ စိတ်ပေါင်းမှားလို့ ဒုက္ခရောက်ရတာ၊ စိတ်သက်သက်လေးကိုဘဲ ယုံခိုင်းတာ ဟိုဟာဒီဟာ မဟုတ်တာ ဘာမှမဟုတ်တာ အမှန်တရားဘဲ ဘာစိတ်နဲ့မှ မနေတာ သူ့ဟာနဲ့သူ ဖြစ်ရုံလေးက အမှန်တရား၊
- ဘာအမှန် တရားလဲမေးမယ်၊ ဟိုဟာဒီဟာမဟုတ်တာ ဘာမှမဟုတ်တာ အမှန်တရားဘဲ ဘာစိတ်နဲ့နေရမှာလဲ၊ ဘာစိတ်နဲ့မှ မနေတာ သူ့ဟာသူ ဖြစ်ရုံလေးက အမှန်တရား၊ ဘာအားကိုးရမလဲဆို၊ ဘာကိုမှအားမကိုးတဲ့စိတ်ကို အားကိုးရမှာ (ဒီအဖြေကို ရိပ်မိဘို့မလွယ်ဘူး) လူရဲ့စိတ်က အကြံအဖန်စိတ်ဆိုတော့ တစ်ခု တစ်ယောက် တစ်ချိန် တစ်နေရာရာဆို တာဘဲ နားလည်တယ်၊ ဒါဘဲအားကိုးတယ်။ ဘုရားရဲ့စိတ်က ဘာတွေညာတွေ အားကိုးတဲ့စိတ်မဟုတ်ဘူး၊ စိတ် သက်သက်ဘဲ ဘာတွေညာတွေအားကိုးနေရင် ဘုရားဘယ်ဖြစ်မလဲ။
- စိတ်တွေကတော့ အနားမရှိ တဖြစ်တည်းဖြစ် တပျက်တည်းပျက် မပြတ်ဒလစပ်ဖြစ်နေမှာဘဲ၊ အမျိုးမျိုးဖြစ်နေမှာ ဘဲ အမျိုးမျိုးသိနေမှာဘဲ အဲဒါတွေက ကိစ္စမရှိဘူး သူ့ဟာနဲ့သူ စိတ်ကိုကိုယ်မပိုင်တဲ့အတွက် တွေးချင်ရာတွေး ဆွေးချင်ရာဆွေး ပူချင်ရာပူ သူ့ဟာနဲ့သူ စွဲနေတဲ့အလုပ်တွေ အငမ်းမရတော့ လုပ်နေမှာဘဲ အိပ်ပျော်နေတဲ့အခါ ကြတော့ အသက်ရှူနေသလိုပေါ့၊ ငါရှုနေတာမဟုတ်ဘူး ငါရှုနေတာဆိုရင် ငါအိပ်နေတာဆိုရင် ငါရှုလို့မရဘူး ဖြစ် ရမှာပေါ့၊ သူ့သဘာဝဘဲ စိတ်ကိုက အလိုလို အလုပ်လုပ်နေတာ၊ မိမိတို့မှာ နားလည်တဲ့အသိဥာဏ်မရှိတော့ ငါလုပ်တယ်ဘဲထင်နေတယ်၊ ကြက်မကြီးက ဘဲဥတွေဝပ်ပြီး ပေါက်လာတဲ့ကလေးတွေ ရေထဲဆော့နေတာ၊ ကြက်မကြီးက ငါ့ကလေးတွေဆိုပြီး ပူနေတယ်၊ ကိုယ်ဝပ်ထားတော့ ကိုယ်မွေးတာဘဲထင်နေတာ၊ ကိုယ့်သား သမီးဘဲ ထင်နေတာ၊ ကိုယ့်ရဲ့စိတ်လို့ထင်နေတာ၊ အမှန်မသိလို့ စိတ်အပေါ်မှာ အမြင်မရှင်းဘူး၊ ငါ့မှာဖြစ်နေတဲ့ စိတ် ငါ့စိတ်ထင်နေတာ သညာလိမ်နေတာခံနေရတာ ဒီခန္ဓာကြီးမှာရှိတဲ့ မျက်စိ ငါ့မျက်စိလို့ထင်နေကြတယ်။ ငါ့နားဘဲ ငါ့စိတ်ဘဲထင်နေတယ်။ ဒီအမှန်မသိတော့ တစ်ခုခုမရှိတာ မသိတော့ တစ်ခုခုဆိုတာကြီးကိုအရှိယူလိုက် တော့ တခုပြီးတခု တောက်လျှောက်အရှိယူရတော့တာဘဲ၊ အဲဒီတော့ ဘာမယူမှ မယူမိစေဘို့ အမှန်တရားကိုသာ ယူဖြစ်ရုံဘဲဆိုတဲ့ ဒုက္ခသစ္စာဘဲ ဆိုတဲ့စိတ်ရဲ့အမှန်တရားကို ယုံကြည်တဲ့စိတ် အသစ်သစ်ကိုသာ မပြတ် ဒလစပ်မွေးပါ။
- တစ်ခု တစ်ယောက် တချိန် တစ်နေရာဆိုတာ တကယ်မရှိ၊ စကားလုံးကို ယုံခိုင်းတာမဟုတ် အသိကိုယုံခိုင်းတာ စိတ်နဲ့လုပ်ရတာဆိုတော့ ဘာခွင့်ပြုချက်မှ တောင်းနေစရာမလိုဘူး၊ ကိုယ့်စိတ်က ကိုယ်နဲ့သာဆိုင်တယ်၊ ကိုယ့်ဟာကို အချိန်မရွေးနေရာမရွေး လုပ်လို့ရတဲ့အလုပ်ပါ တွေ့တဲ့လူတိုင်းအပေါ် မိဘစွဲ၊ သားသမီးစွဲ မလုပ်ဖို့ သိတာလဲ ဖြစ်ရုံလေးဘဲ သိသူမရှိဘူး ပြုလုပ်လဲ ပြုလုပ်ရုံလေးဘဲ ပြုလုပ်သူမရှိဘူး ဝေဒနာခံစားတယ်ဆိုတာလဲ ခံစားရုံလေးဘဲ ခံစားသူမရှိဘူး၊ စိတ်က ထာဝရဘုရားသခင်ကိုလည်း ဖန်ဆင်းနိုင်တယ်၊ စကြ်ာဝဠာအနတ္တ ဆိုလည်း စိတ်နဲ့လုပ်လို့ရတာဘဲ။
- အမှန်မသိတဲ့စိတ်နဲ့ မခံစားဘဲ နာကျင်တာ ကောင်းတာဆိုးတာ ကိစ္စမရှိ ကိုယ့်စိတ်မှာ ငါဖြစ်တယ် ငါစားကောင်း တယ်ဆိုပြီး ခံစားမနေနဲ့ အဖြစ်နောက် အသိနောက် မလိုက်ရဘူး၊ ကိုယ့်တရားနဲ့ ကိုယ်နေဖို့ကြိုးစား အနတ္တတာ ၀န်ကိုထမ်းဆောင်ခိုင်းတာ။
- ရုပ်ရှင်ထဲက သရဲကားကြည့်တဲ့အခါ ကြောက်နေရတယ်။ ကြိုးတန်းလျှောက်တာ ကြည့်တော့လည်း ပြုတ်ကျမှာ စိုးရိမ်ရပြန်တယ်။ သေခါနီး လူမမာကိုကြည့်တော သေတော့မလားဆိုပြီး စိတ်ထဲမှ ပူပန်နေရတယ်။ ဒါဟာ စိတ်က အမှီအခိုမကောင်းလို့ စိတ်မချရတာတွေ မှီခိုနေလို့ ဟာသကားကြည့်တဲ့အခါ ရီတဲ့စိတ်ကို မှီလိုက်တော့ ရယ်ရတယ်၊ ကြောက်တဲ့စိတ်ကိုမှီတော့ ကြောက်နေရတယ်၊ စိတ်က အမျိုးမျိုးမှီခိုချင်နေလို့ဘဲ စိတ်ရဲ့အကျင့် စရိုက်က သဘာဝတရားကို အားမကိုးလို့ အားကိုးချင်ရာ အားကိုးနေလို့ ဒုက္ခရောက်နေတာ တစ်ခုခုမဟုတ်တဲ့ အနတ္တတရားနဲ့ နေရင် ပူစရာမလို၊
- ပူစရာ ၀မ်းသာစရာ ကိုယ်စီကိုယ်ငှ ရှိကြတယ်၊ စိတ်အခွင့်အရေးတွေက တန်းတူဘဲ စိတ်ဟာ ဘာနဲ့မဆို ပေါင်း လို့ရတယ်၊ အပေါင်းအသင်းမှားနေကြတာ၊ တရားနဲ့ပေါင်းတတ်ဘို့လိုတယ်။
- စိတ်က လွတ်လပ်ခွင့်လည်း အပြည့်ရှိတယ်၊ ပစ္စုပ္ပန်မှာ ဆေးရုံရောက်နေလည်း စိတ်က အိမ်ရောက်ချင်ရောက် နေနိုင်တယ်။ သေပြီးသွားသော ပုဂ္ဂိုလ်တွေနဲ့ လူချင်းတော့ ဆက်သွယ်လို့မရဘူး၊ စိတ်နဲ့ဆက်သွယ်ပေါင်းလို့ ရတယ်။ စိတ်ဟာ စွမ်းရည်မြင့်တယ်၊ အတိတ် အနာဂတ် ပစ္စုပ္ပန် စိတ်ပိုင်းဆိုင်ရာ တူးဆွလို့ရတယ်၊ အဲဒါကို အသုံးချတတ်ဘို့လိုတယ်။ တစ်ခုခုဆုတ်ကိုင်ပြီး ကြည့်လို့ ဘာသာခြားတွေ လူမျိုးခြားတွေ တွေ့နေရတယ်။ ကိုယ့်ရဲ့ရှုဒေါင့်က ကြည့်တော့ ကိုယ်ကသပ်သပ် ဘုန်းကြီးကသပ်သပ်ဘဲ မြင်တယ်။ ကိုယ့်ရဲ့ရှုထောင့်ကို စွန့်လိုက်တော့ အနတ္တရှုထောင့်ကိုသိသွား၊ မိဘဆိုတဲ့ရှုထောင့်က ကြည့်လို့ သားသမီးဆိုပြီးသိတယ်။ အိမ်ရှင် ဆိုတဲ့ ရှုထောင့်ကကြည့်လို့ ငါ့အိမ်ဆိုပြီး သိနေတာ၊ သူငယ်ချင်းဆိုတဲ့ ရှုထောင့်ကကြည့်လို့ သူငယ်ချင်းကို သိတာ ကိုယ့်စိတ်နဲ့ကိုယ် ရှုပ်နေရတာ။
- အမှန်တရားက ခန္ဓာ ၅ ပါး အတူတူဘဲ၊ ငါ့တရားဆိုပြီး မဆုပ်ကိုင်ထားရင် တစ်ခြားတရားဆိုပြီး မရှိဘူး၊ ငါ့မြို့ဆိုပြီး ဆုပ်ကိုင်မထားရင် သူများမြို့ဆိုပြီး မရှိဘူး၊ တစ်ခုခုကိုဆုပ်ကိုင်ပြီးကြည့်တဲ့အတွက် လူမျိုးခြားတွေ ဘာသာခြားတွေတွေ့တယ်။ တချိန်ချိန်ကို ဆုပ်ကိုင်ပြီးကြည့်တဲ့အတွက် ခလေး လူကြီးဖြစ်နေတာ ငါဆိုတဲ့ တစ် ယောက်ယောက်ကို ဆုပ်ကိုင်မထားရင် သူများဆိုပြီး သိစရာမရှိဘူး၊ အပြင်ဘက်က ရန်သူတွေကိုအပြတ်ရှင်း ရမှာ မဟုတ်ဘူး။ ငါဆိုတဲ့ အစွဲကိုဖြုတ်ပြီး အပြတ်ရှင်းရမှာ ကိုယ့်စိတ်မျက်လှည့်ပြတာ ကိုယ်ခံနေရတာဘဲ။
- ကိုယ့်စိတ်က အမှန်တရားမသိတော့ ကိလေသာ ရန်သူ လောဘ ဒေါသ မောဟတွေဝင်တယ်။ အမှန်သိတော့ ရန်သူကင်းတယ်။
Posted by recovery at 10:16 AM 0 comments
Subscribe to:
Posts (Atom)